суббота, 7 июня 2014 г.

White Nights

ဂျွန်လ ရောက်ပြီဆိုရင် ကျွန်မရဲ့ဇာတိမြို့ကို အရမ်းသတိရပါတယ်... ဘာကြောင့်လဲဆိုတော့ ဒီအချိန်ဟာ စိန့်ပီတာစဘက်မြို့မှာ အကောင်းဆုံး အလှဆုံး အချိန် ဖြစ်ပါတယ်။ နွေရာသီ ရောက်ပြီမလို့ တော်တော် နေလို့ကောင်းပါတယ်။ ပြီးတော့ white nights လည်း ရှိပါတယ်။ White nights ဆိုတာကို သူငယ်ချင်းတွေ တော်တော်များများ ကြားဖူးမယ် ထင်ပါတယ်။ ဒါက စိန့်ပီတာစဘက်မြို့ရဲ့ symbol တစ်ခုပါပဲ။ မြန်မာပြည်မှာ မရှိတော့ ကြုံဖူးတဲ့သူတွေ နည်းလို့ ကျွန်မ white nights အကြောင်း နည်းနည်း ပြောပြပါမယ်....

White night ဆိုတာက ဘာလဲ နားလည်ဖို့အတွက် astronomy ကို ပြန်လည် review လုပ်ကြည့်လိုက်ပါမယ်။ ကမ္ဘာနဲ့ နေ ဆက်စပ်မှုနဲ့ ဆိုင်လို့ပါ။ ကျွန်မတို့ကမ္ဘာက နေကို လည်ပတ်ရင်းနဲ့ တိမ်းစောင်းနေလို့ နေရောင်တွေက ကမ္ဘာပေါ်ကို ညီတူညီမျှ မရောက်နိုင်ဘူး။




ညီတူညီမျှ  အလင်းရောင်မပေးလို့ ကမ္ဘာပေါ်မှာ ဒေသတိုင်းမှာ နေ့နဲ့ ညတို့ရဲ့အချိန်ကာလ ကွာပါတယ်။ တစ်နှစ်ကို ၂ ကြိမ်ပဲ မတ်လ ၂၀-၂၁ ရက်နဲ့ စက်တင်ဘာလ ၂၃ရက်မှာ တစ်ကမ္ဘာလုံးမှာ ညနဲ့ နေ့ ၁၂ နာရီလောက် ကြာပြီး တူပါတယ်။ အဲဒီ ရက် ၂ရက်ကို vernal နဲ့ autumnal equinox လို့ ခေါ်ပါတယ်။ မတ်လ ၂၁ ရက် ပြီးရင် နေရောင်တွေက ကမ္ဘာရဲ့ မြောက်ဘက်ခြမ်းကို ပိုပြီး အလင်းရောင် စပေးပါတယ်။ နေ့ရဲ့ အချိန်ကာလက တဖြည်းဖြည်းနဲ့ ရှည်လာပါတယ်။ ဂျွန်လ ၂၂ ရက်ရောက်တော့ ကမ္ဘာရဲ့ မြောက်ဘက်ခြမ်းမှာ အရှည်ဆုံး နေ့ နဲ့ အတိုဆုံး ည ဖြစ်ပါတယ်။

 

ဂျွန်လ ၂၂ရက်မှာ မြောက်ဝင်ရိုးစွန်းနဲ့ နီးကပ်သော ဒေသတွေမှာ နေ လုံးဝ မဝင်ဘူး။ နေမဝင်တဲ့နေ့တွေ ရှိတဲ့ဒေသက မြေပုံမှာ line နဲ့ ပြထားပါတယ်။ ဒီ line မှာ နေက ၂၄နာရီ မဝင်ဘူး။ Line ရဲ့ မြောက်ဘက်မှာ နေမဝင်တဲ့အချိန် ၂၄ နာရီထက် ကြာပါတယ်။ ဝင်ရိုးစွန်းနဲ့ ပိုနီးရင် ပိုကြာပါတယ်။ ဝင်ရိုးစွန်းမှာတော့ လုံးဝ နေမဝင်တဲ့အချိန်က မတ်လက စပြီး စက်တင်ဘာလအထိ (နှစ်ဝက်) ဖြစ်ပါတယ်။ Line ရဲ့ တောင်ဘက်ကို သွားရင် နေ စဝင်ပါတယ်။ ဒါပေမယ့် ညက မရှိသလို ခဏလေးပဲ ကြာပါတယ်။ (ကမ္ဘာရဲ့ တောင်ဘက်ခြမ်းမှာ အားလုံး ပြောင်းပြန်ပါ)။


  စိန့်ပီတာစဘက်မြို့က ဒီline ရဲ့ တောင်ဘက်မှာ ရှိပါတယ်။ ဝင်ရိုးစွန်းနဲ့ မနီးကပ်လို့ နေလုံးဝ မဝင်တဲ့နေ့တော့ မရှိဘူး။ နေဝင်ပေမယ့် ညက ပုံမှန်ညနဲ့ မတူဘူး။ ကောင်းကင်က တစ်ညလုံး လင်းနေလို့ ညမှာ မမှောင်ဘူး။ အဲဒီလိုမျိုး ညတွေကို white nights လို့ ခေါ်ပါတယ်။


 စိန့်ပီတာစဘက်မှာ white nights က ဂျွန်လ ၁၁ ရက်မှ ဇူလိုင်လ ၂ ရက်ထိ ကြာပါတယ်။ ဂျွန်လ ၂၂ ရက်မှာ အတိုဆုံး အလင်းဆုံး ည ဖြစ်ပါတယ်။ ၂၂ ရက် ပြီးရင် နေ့က တဖြည်းဖြည်းနဲ့ ပြန်ပြီး တိုလာပါတယ်။ စက်တင်ဘာလ ၂၄ ရက် စပြီး ကမ္ဘာရဲ့ မြောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်း ပြောင်းပြန်ဖြစ်သွားပါတယ်။ နေရောင်တွေက တောင်ဘက်ခြမ်းကို ပိုပြီး အလင်းရောင်ပေးပါတယ်။ မြောက်ဘက်ခြမ်းမှာ ညက တဖြည်းဖြည်း ကြာပြီး နေ့ထက် ပိုရှည်လာပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်မှာ မြောက်ဘက်ခြမ်းမှာ အကြာဆုံး ညနဲ့ အတိုဆုံးနေ့ ဖြစ်ပါတယ်။ မြောက်ဝင်ရိုးစွန်း line မြောက်ဘက်မှာ နေ လုံးဝ မထွက်ဘူး။ ဝင်ရိုးစွန်းမှာ မထွက်တာ နှစ်ဝက်နီးပါး ကြာပါတယ်။ စိန့်ပီတာစဘက်မှာ နေလို့ မကောင်းတဲ့အချိန် ရောက်ပါတယ်။ နေထွက်တာ ခဏလေးပဲ ကြာပါတယ်။ နေမရှိတဲ့အချိန် များလို့ တစ်နေကုန် မှောင်နေပါတယ်။ အမှန်အတိုင်းပြောမယ်ဆိုရင် white nights ရဲ့ ဆန့်ကျင်ဘက် black days တွေက တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်...

(င) ဝသုန်မိုး https://www.facebook.com/wathonemoe.ru

вторник, 6 мая 2014 г.

Enemy

စစ်သီချင်းလေးတစ်ပုဒ်ပါ
စာသားကို သဘောကျလို့ မြန်မာလို ဘာသာပြန်ထားပါတယ်....

''''''''မနက်က တိမ်ညိုတွေ အုံ့ဆိုင်းနေခဲ့တယ်
 အခုကျတော့ လမင်းက တောက်ပနေတယ်
 အလှဘုရင်မလေး မာရူးဆာတစ်ယောက် ခါးသီးစွာ ငိုကြွေးနေပါတယ်
 ဒါပေမဲ့ အခု ဒါဟာ အလကားပါပဲ
ချောမောခန့်ညားလှတဲ့ ကောင်လေး
ယစ်မူးစေခဲ့တဲ့ နွေရာသီ
 နွေရာသီကုန်တော့ စစ်ထွက်ဖို့ အမိန့်စာ ရောက်လာခဲ့တယ်
ဒီအကြောင်း သီချင်းတွေ အများကြီး ရှိပါတယ်
ဒီလိုမျိုးသီချင်းက ဘာအတွက်တဲ့လဲ
 ကြယ်တွေ တောက်ပနေတယ်
 ကောင်မလေး ငိုနေတယ်  ကောင်လေးကျတော့ တခြားအကြောင်း အိပ်မက်မက်နေတယ်
 သေနတ်နဲ့ ကံကောင်းခြင်းတွေ အကြောင်း  စစ်တိုက်ဖို့ မျက်နှာကို လေတို့ဖို့ပဲ
စစ်ပွဲမှာ မအောင်မြင်တာ တခါမှ မဖြစ်ဖူးဘူး
 မနက်ဖြန် အိပ်ယာထမယ် သီချင်းဆိုပြီး  အမေကို ပွေ့ဖက်မယ် ပြီးတော့ ကားပေါ် ပြေးတက်မယ်

 နှုတ်ဆက်စကားပြောမယ့်အစား ပြူတင်းပေါက်ကနေပဲ လက်ပြပြီး
 မီးခိုးထဲမှာ မျက်ရည်တွေနဲ့ စစ်ပွဲ စဖြစ်နေတဲ့ ဘက်ကို အမြန်ချီတက်သွားမယ်
 ကောင်းကင်နဲ့ အတူတူ ကြယ်တွေ မီးလောင်နေတဲ့နေရာကို  မီးခိုးတွေကြောင့် ဘာမှ မမြင်ရတဲ့နေရာကို
တော ဟိုဘက်က မြစ်၊ မြစ်ဟိုဘက်က ရှေ့တန်းစခန်း၊ ရှေ့တန်းစခန်း ဟိုဘက်က ရန်သူတွေ ရှိ တဲ့နေရာကို
ရန်သူက အမြဲ ရန်သူပါပဲ  သူနဲ့ ထမင်းတူတူ မျှ မစားနဲ့၊ အိမ်ကို မခေါ်နဲ့

  ငြိမ်းချမ်းခြင်းရဲ့ အငွေ့အသက်တွေ ရနေပြီး  သူလည်း ငြိမ်သက်နေပြီ ဆိုပေမယ့် သူဟာ ရန်သူပဲ ဖြစ်ပါတယ်  သူရော မင်းရော ဂုဏ်သိက္ခာအကျ မခံဘူးဆိုရင်  ရန်သူဆိုတာ အဟောင်းလို ဖြစ်မသွားဘူး ရန်သူက အမြဲ ရှိနေမှာပဲ
 အဲဒီတော့ ပစ်မှတ်ကို မှန်အောင်ချိန်ပါ  လက်တွေ တုန်မနေပါနဲ့
 ရန်သူကို သနားရင် မင်း သေလိမ့်မယ်

 သေနတ်နဲ့ ကံကောင်းခြင်း ရှိပြီ
 ဒါပေမဲ့ ကောင်လေးက မပျော်ပြန်ဘူး
 စာတွေ ရောက်လာတယ် ကောင်မလေးက ငိုနေတယ်
 သီချင်းထဲ စာသားတွေ ထည့်ရင်းနဲ့  စစ်တိုက်တာ  တနှစ် ရှိပြီ
 သူများအိမ်တွေ မီးလောင်နေကြတယ်
ရန်သူက ပြေးနေတယ် ဒါပေမဲ့ ထူးဆန်းတာက  မင်းက သူနဲ့ ညီအစ်ကိုအရင်းလို တူကြတယ်

 မင်းလိုပဲ သူကလည်း သူငယ်ချင်းတွေနဲ့ စစ်တိုက်တမ်းကစားခဲ့တာပဲ  လက်တွေမှာ ဒါဏ်ရာရရတဲ့ထိ  သူငယ်ချင်းတွေ သူ့ကို လိုက်ပို့ခဲ့ကြတယ်  ခါးသီးစွာ ငိုနေတဲ့ သူ့ကောင်မလေးရောပဲ
 စိတ်မကောင်းစရာ ကံပါခဲ့ရင်သာ သူကလည်း မင်းကို နိုင်မှာ
တစ်ချိန်ချိန်မှာ ရန်သူ ဖြစ်ခဲ့ရင် အနည်းဆုံး သူရဲကောင်း ဖြစ်တဲ့ ရန်သူ လုပ်ပါ
 သူ့ကို ဆဲမယ့်အစား ကဗျာတွေ ကိုစိတ်ကူးရင်း
ဒီလက်က သေခြင်း မပေးဘဲနဲ့ အရက်ကို ပေးရင် ပိုကောင်းမယ်လို့ ရယ်မောစနောက်နေတယ်
 နံရံအပေါက်မှာ နေဝင်တဲ့ ကောင်းကင်က လှုပ်နေတယ်  မင်း ပြုံးနေတယ် အခု အဲဒီ သူသေကိုယ်သေ တိုက်မယ့် ရန်သူနဲ့ အရက်အတူတူ သောက်ရင် ဘယ်လောက် ကောင်းမလဲလို့

 ဒါက ပုံပြင်အပြည့်အစုံ မဟုတ်ဘူး ပုံပြင်အစပဲ
စစ်ဖြစ်နေတဲ့အချိန်မှ ဝမ်းနည်းခြင်းတွေ တအားများတယ်  ခံစားချက်တွေ အန္တရာယ် ရှိတယ်  ညည်းညူတဲ့သူ အကြာကြီး မနေဘူး
 အမိန့် ရလို့ သူ ကာကွယ်ခဲ့တယ် အမှောင်ထဲမှာ မင်းကို ပစ်ထားခဲ့တယ်
 မင်းက တောင်တွေပေါ်မှာ သူ့ကို လိုက်ဖမ်းခဲ့တယ်: ကိုယ့်ကိုကိုယ် ကြည့်ပြီးတော့ သူ့ကို မှန်းကြည့်တယ်  သူနဲ့ မင်းနဲ့ လက်ဟန်ခြေဟန်နဲ့ အကျင့်တွေ အတူတူပဲ  တကယ် ညီအစ်ကိုအရင်း ဖြစ်နေတာလား မသိဘူး
သူ့ကို မသတ်ရင် မင်း အသက်ရှင်နိုင်မယ် မဟုတ်ဘူး
 အဖေဆီ လာပြီး အကြံတောင်းချင်တယ်..
ပစ်မှတ် ချိန်တုန်းက ကောင်းကင် လှုပ်ခဲ့တယ် မျက်ရည်တွေ မဖုံးဘဲနဲ့
 စစ်ပွဲက ကြာခဲ့တယ်
မင်းရဲ့ သူငယ်ချင်း မဖြစ်လို့ သိပ်ဝမ်းနည်းစရာကောင်းတယ်
မင်းက သူထက် အားရှိတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ။

 ဘုရားဆီ ဆုတောင်းမယ့်အစား ကောင်းကင်ဆီ နောက်ဆုံး ယမ်းတောင့်ကို ပစ်လွှတ်လိုက်တယ်
 ရိုးသားမှု နဲ့ ရဲရင့်ပေမယ့် ရန်သူလို့ ခေါ်တဲ့သူအတွက် အမှတ်တရအနေနဲ့ ။
ကဲ သီချင်း ပြီးဆုံးပြီ။ စစ်ပွဲလည်း ပြီးဆုံးပြီ
မင်း ဘာလို့ စိတ်ညစ်နေလဲ အခု မင်းရဲ့ အမှန်တရား မင်းဆီမှာပဲ'''''''

пятница, 2 мая 2014 г.

တကယ် ပျော်ဖို့ ကောင်းတဲ့အချိန်တွေကို လက်ရှိကာလမှာ တန်ဖိုးမထားဘဲ နေနေကြပါတယ်။ အမြဲတမ်း အဲလိုပဲ ဖြစ်လိမ့်မယ် ထင်ရပါတယ်။ ဒါပေမယ့် တစ်နေ့နေ့မှာ အားလုံး ပြောင်းသွားမှာ သေချာပါတယ်။ အချိန်ကုန်တာ တော်တော် မြန်ပါတယ်။ ကုန်သွားရင်တော့ ပြန်ရအောင် လုပ်လို့ မရတော့ဘူး။ သတိရဖို့ နောင်တရဖို့ နှမြောဖို့ပဲ ကျန်ပါတော့မယ်။
ကျောင်း၊ တက္ကသိုလ် ပျော်ပျော်ရွှင်ရွှင် တက်နေတဲ့ကာလတွေက တနေ့နေ့ ပြီးသွားမှာပါ...
ရှင်းနှီးတဲ့ ခင်ဖို့ ကောင်းတဲ့သူငယ်ချင်းတွေနဲ့ တနေ့နေ့ ခွဲရမှာပါ...
နိုင်ငံခြားရောက်ရင်လည်း တနေ့နေ့ ကိုယ့်မြေကိုယ့်အိမ်ကို ပြန်သွားရမှာ... ပြန်ပြီးတော့ နိုင်ငံခြားမှာ ကုန်တဲ့အချိန်တွေကို လွမ်းမှာပါပဲ။
အသက်ကလည်း အမြဲတမ်း ငယ်ငယ်လေး ချောချောလေး မဖြစ်နိုင်ပါဘူး။ တနေ့နေ့ အဖိုးကြီး အဖွားကြီး ဖြစ်သွားမှာ။ လူ့ဘဝက ခဏလေးပါပဲ။ အဲဒီဘဝအတွင်း ဘာတွေ လုပ်ခဲ့တယ် ဘယ်လို အချိန်ကုန်တယ်ဆိုတာတွေကို ပြန်စဉ်းစားကြည့်ရင် ကိုယ့်ကိုကိုယ် ကျေနပ်နိုင်မှာလား...

пятница, 31 января 2014 г.

ကျွန်မကို မေးတယ်။
မြန်မာစကားကို ဘာလို့ သင်တာလဲတဲ့
ဘာရည်ရွယ်ချက် ရှိလို့လဲတဲ့။
ဘာရည်ရွယ်ချက်မှ မရှိဘဲနဲ့ ဝါသနာ ပါလို့ သင်တယ်လို့ ပြန်ပြောလိုက်တော့ သူတို့ လက်မခံကြဘူး...
တော်တော်များများက ဒီအဖြေကို မကျေနပ်ကြဘူး။
အဲဒါကြောင့် အခု နည်းနည်း ပြောပြချင်တယ်...

လူတယောက်ကို ချစ်တယ်ဆိုရင် ဘာဖြစ်လို့ ချစ်တာလဲ။ ချောလို့ ချစ်တာလား။ ပိုက်ဆံချမ်းသာလို့ ချစ်တာလား။ အကြောင်းတခုခု ရှိတယ်ဆိုရင် ဒါ အချစ်အစစ်လား။
ချောတဲ့လူက ခဏလေးပဲ ချောတယ်။ အသက်ကြီးရင် ရုပ်ဆိုးသွားမယ်။ ပိုက်ဆံလည်း မမြဲပါဘူး။ တနေ့နေ့မှာ ပျောက်နိုင်တယ်။ ရုပ်ဆိုးပြီး ဆင်းရဲတဲ့လူကို ဆက်ပြီးတော့ မချစ်တော့ဘူးပေါ့။ တချို့ကျတော့ အဲလိုပဲ လုပ်တယ်။ အကျိုးတခုခု ရနိုင်ရင် ချစ်တယ်။ အကျိုးမရတော့ဘူး ပြဿနာတွေ ပေါ်လာရင် အချစ်ကလည်း ပျောက်တယ်။
ဒါပေမဲ့ အဲလိုမျိုးကို အချစ်လို့ ဘယ်သူမှ မခေါ်ဘူး။ အများသောအားဖြင့် ရည်ရွယ်ချက် မရှိဘဲနဲ့ ချစ်မှ အချစ်အစစ်လို့ ယူဆကြတယ်။

ကျွန်မလည်း မြန်မာစကားကို ကြိုက်တာ အကြောင်းမရှိဘဲနဲ့ပဲ။
ဘာလို့ ကြိုက်လဲ ဆိုတာ ကျွန်မ ကိုယ်တိုင် မသိဘူး။ သိတာ တခုပဲ ရှိတယ်။ မြန်မာလို မပြောဘဲနဲ့ မနေနိုင်တော့ဘူး။

အမှန်အတိုင်း ပြောရရင် တက္ကသိုလ်နဲ့ မေဂျာကို ရွေးတုန်းက ကျွန်မ တရုတ်ဘာသာစကားကိုပဲ ရွေးခဲ့တယ်။ မြန်မာနိုင်ငံနဲ့ မြန်မာစကားအကြောင်း သိတောင် မသိခဲ့ဘူး။ ကံကောင်းတာက အဲဒီတုန်းက တရုတ်/မြန်မာ ဘာသာစကားနှစ်ခု ဆိုတဲ့မေဂျာလည်း ပါတယ်။ ( ၅နှစ်ကို ၁ကြိမ်ပဲ ရှိတယ် )
မြန်မာစကားကို စသင်ပြီးတော့ အရမ်းစိတ်ဝင်စားသွားတယ်။ မြန်မာလို ပြောရင် ဖတ်ရင် ရေးရင် စိတ်ထဲမှာ တခုခု ဖြစ်နေတယ်။
အရမ်းရင်းနှီးတဲ့သူငယ်ချင်းကို တွေ့သလို
အရမ်းလိုအပ်တဲ့ ပစ္စည်းကို ရသလို
ခရီးထွက်ပြီးတော့ မိမိအိမ်ကို ပြန်ရောက်သလို ခံစားမိတယ်။
သီချင်းနားထောင်တာ ဝါသနာပါတဲ့လူက အရမ်းကောင်းတဲ့ သီချင်းကို ကြားရရင် သူ့စိတ်ထဲမှာ ပျော်ရွှင်ကျေနပ်မှု ရှိလာတယ်။ စိတ်ချမ်းသာလာတယ်။
ကျွန်မကို ပျော်ရွှင်စေတဲ့အသံက မြန်မာအသံပဲ။

၂၀၀၇ခုနှစ် စက်တင်ဘာလက စပြီး အခုချိန်ထိ မြန်မာစကားကို ပစ်ထားတဲ့ရက် တစ်ရက်မှ မရှိခဲ့ဘူး။
တကယ်တော့ ကျွန်မ ငပျင်းကြီးပဲ။ ဘာမှ မလုပ်ချင်ဘူး။ စာသင်ရတာ ပျင်းတယ်။ ကျောင်းပိတ်ရင် စာမကြည့်ဘူး။ ထူးဆန်းတာ တခု ရှိတယ်။ မြန်မာစကားကို လေ့လာဖို့ မပျင်းဘူး။
တရုတ်လို ပြောဖို့လိုမယ်ဆိုရင် ပျင်းတယ်။ မပြောချင်ဘူး။ အကြောင်းရှာပြီး မပြောအောင် နေတယ်။
တရုတ်သူငယ်ချင်းတွေလည်း မရှိဘူး။ တရုတ်စကားကို ကြိုက်တော့ ကြိုက်တယ်။ ဒါပေမဲ့ မပြောလည်း ရတယ်။ မသင်လည်း ရတယ်။ နေနိုင်တယ်။ အချိန်ကြာရင် မေ့တော့မှာ။ မေ့လည်း ဘာမှ မဖြစ်ဘူး။
တရုတ်စကားကို လေ့လာတာ အကြောင်းရှိလို့ပဲ။ တရုတ်လို ကောင်းကောင်းတတ်ရင် ကောင်းတဲ့အလုပ်ကို ရတယ်။ လစာလည်း ကောင်းတယ်။ အလားအလာလည်း ရှိတယ်။
မြန်မာစကားနဲ့ ပတ်သက်တဲ့အလုပ်ကို ရှာရတာ မလွယ်ဘူး။ ကျွန်မ နေတဲ့မြို့မှာ ဘာမှ ရှာမတွေ့လို့ တခြားမြို့ကို ပြောင်းသွားတယ်။
ဒါပေမဲ့ ကျွန်မအတွက် မြန်မာက အဓိကပဲ။ ပိုက်ဆံထက် အရေးကြီးပါတယ်။ မြန်မာလို နေ့တိုင်း ပြောရရင် မြန်မာအသံ ကြားရရင် ကျေနပ်ပါတယ်။

မြန်မာလို ပြောဖို့ ဘယ်သူမှ မရှိရင် အရမ်းနေလို့ခက်တယ်။ ကျွန်မ တရုတ်ပြည်မှာ ၁နှစ်ကြာ သင်တန်း တက်ခဲ့ဖူးတယ်။ အဲဒီမှာ မြန်မာ တယောက်မှ မရှိဘူး။ မြန်မာလို တစ်ယောက်မှ နားမလည်ဘူး။ အရမ်း စိတ်ညစ်ဖို့ ကောင်းတယ်။ မြန်မာလို ပြောလို့ အဆင်မပြေတော့ မြန်မာသီချင်းတွေပဲ နားထောင်ခဲ့တယ်။ ဇတ်ကားတွေလည်း ကြည့်ခဲ့တယ်။ နောက်ဆုံး အင်တာနက်မှာ ပြောမဲ့သူ ရှာပြီး မြန်မာသူငယ်ချင်းတွေကို ရသွားတယ်။
၁နှစ်ပြည့်ပြီး ရုရှားကို ပြန်ရောက်တော့ ကျွန်မနဲ့ ကျောင်းအတူတူ တက်တဲ့သူငယ်ချင်းတွေ အရမ်းအံ့သြသွားတယ်။ တရုတ်မှာ ဘာသင်ခဲ့တာလဲတဲ့၊ တရုတ်စကားလား မြန်မာစကားလားတဲ့။
ဘာလို့လဲဆိုတော့ သူတို့ ၁နှစ်ကြာကြာ မြန်မာလို မပြောဖြစ်တော့ အကုန်မေ့သွားတယ်။
ကျွန်မ မမေ့ဘူး။ မြန်မာလို နေ့တိုင်း ပြောမှ စိတ်ချမ်းသာတယ်ဆိုတော့ ဘယ်လို မေ့နိုင်မလဲ...

မြန်မာနဲ့ ရုရှား ယဉ်ကျေးမှုနဲ့ ဓလေ့ တော်တော် ကွာတယ်။
တခါတလေ မကျေနပ်တာတွေ ရှိတယ်။
တချို့ဟာတွေကို လက်မခံနိုင်ဘူး။
တချို့လူတွေ သဘောမကောင်းဘူး။ တချို့က ကျွန်မကို ဒုက္ခပေးတယ်။
တချို့တွေနဲ့ ရန်ဖြစ်တယ်။
တခါတလေ စိတ်တိုတယ်။ စိတ်ပျက်တယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်မအတွက် မြန်မာက အမြဲတမ်း နံပါတ် တစ် ပဲ။

воскресенье, 26 января 2014 г.

ရုရှား ဓလေ့ရိုးရာမင်္ဂလာဆောင်ပွဲ


 
အခုခေတ်မှာ ရုရှားနိုင်ငံမှာ ယူရမဲ့ မိန်းမ / ယောက်ျားကို ကိုယ့်ဘာသာ ရှာကြပါတယ်။ အဆင်ပြေမဲ့ လူကို ရှာတွေ့ရင် ယောက်ျားလေးက မိန်းကလေးကို လက်စွပ်လက်ဆောင်လေး ပေးပြီး လက်ထပ်ဖို့ သဘောတူလားလို့ မေးရတယ်။ သဘောတူတယ်ဆိုရင် မင်္ဂလာဆောင်ပွဲကို စီစဉ်ပါတော့တယ်။ တချို့က မိဘတွေနဲ့ မတွေ့ဖြစ်သေးရင် မိတ်ဆက်ပေးကြပါတယ်။ ပြီးတော့ တရားရုံးကို လျှောက်ထားပါတယ်။ မြန်မာပြည်မှာ ဘယ်လိုလဲ မသိဘူး။ ရုရှားမှာ လျှောက်ထားပြီးတော့ အနည်းဆုံး ၁လ စောင့်ဖို့ လိုပါတယ်။ လက်ထပ်မဲ့ရက်ကို သတ်မှတ်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်တယ်။ ကား၊ စားသောက်ဆိုင် ငှားတယ်။ ဧည့်သည်တွေကို ဖိတ်တယ်။
လက်ထပ်မဲ့ရက် မတိုင်ခင် သတို့သမီးက မိန်းကလေးသူငယ်ချင်းတွေနဲ့ အချင်းချင်း၊ သတို့သားက ယောက်ျားလေးသူငယ်ချင်းတွေနဲ့ အချင်းချင်း နှုတ်ဆက်ပွဲ ၂ ပွဲ လုပ်ကြပါတယ်။
မင်္ဂလာဆောင်ပွဲမှာ ကူညီပေးရမဲ့ သတို့သမီးသူငယ်ချင်း တယောက်နဲ့ သတို့သားသူငယ်ချင်းတယောက်ကို ရွေးပါတယ်။
လက်ထပ်တဲ့ရက် မနက်မှာ သတို့သားက သူ့သူငယ်ချင်းတွေနဲ့ သတို့သမီးအိမ်ကို ရောက်ပါတယ်။ အိမ်ရှေ့မှာ သူတို့ကို သတို့သမီးသူငယ်ချင်းတွေ စောင့်နေကြပါတယ်။ သတို့သမီးဆီ မရောက်အောင် လမ်းပိတ်ပြီး မေးခွန်းတွေ မေးကြပါတယ်။ အဖြေမှန်မှ သတို့သမီးဆီ ရောက်နိုင်ပါတယ်။ အဖြေမမှန်ရင် ပိုက်ဆံ တောင်းပါတယ်။ game တခုလိုပါပဲ။ အိမ်ရှေ့မှာရယ် လှေခါးထစ်တိုင်းမှာရယ် ပြိုင်ပွဲ တခု မေးခွန်း တခု။ ဥပမာ သတို့သမီး အကြိုက်ဆုံး အရောင်၊ သတို့သမီးအမေရဲ့ မွေးနေ့၊ သတို့သမီးနဲ့ တွေ့တာ ဘယ်လောက်ကြာပြီလဲ ဘယ်တုန်းက စတွေ့တာလဲ လို့ အဲလိုမျိုး သူတို့အချစ်ဇတ်လမ်းနဲ့ ဆိုင်တဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ သတို့သမီးသူငယ်ချင်းတွေ ကျေနပ်ပြီဆိုမှ သတို့သမီးနဲ့ တွေ့ခွင့်ရပါတယ်။ ပြီးတော့ အားလုံး အတူတူ ဓါတ်ပုံတွေ ရိုက်ပြီး တရားရုံးကို သွားကြပါတယ်။ တရားရုံးမှာ အဓိက မင်္ဂလာဆောင်အခမ်းအနား ဖြစ်ပါတယ်။ ဧည့်သည်တွေရှေ့မှာ သတို့သားနဲ့ သတို့သမီးတို့က မတ်တပ်ရပ်ပြီး ဒီအမျိုးသမီးကို ယူဖို့ သဘောတူလားလို့ ဒီအမျိုးသားကို ယူဖို့ သဘောတူလားလို့ ဆိုတဲ့ တရားရုံးအရာရှိရဲ့ မေးခွန်ကို ဖြေပြီး လက်မှတ်ထိုးပါတယ်။ ပြီးတော့ အရင်က ရွေးထားတဲ့ သူငယ်ချင်း၂ယောက်ကလည်း သက်သေအဖြစ် လက်မှတ်ထိုးပါတယ်။ 
 
အခမ်းအနားပြီးတော့ မိဘတွေကစပြီး ဧည့်သည်တွေ တစ်ယောက်ချင်းစီ ပန်းတွေနဲ့ ဆုတောင်းပေးကြပါတယ်။ နောက် တရားရုံးရှေ့မှာ အားလုံးစုပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။ တချို့က ပန်းခြံတွေမှာ ဒါမှ မဟုတ်ရင် မြို့ရဲ့အလှအပနေရာတွေကို သွားပြီး ဓါတ်ပုံတွေ အဝရိုက်ကြပါတယ်။ ညနေပိုင်း ရောက်တော့ သတို့သား၊ သတို့သမီးနဲ့ သူတို့ သူငယ်ချင်း၂ယောက်၊ ဓါတ်ပုံ/ဗွီဒီယိုဆရာတို့က ကားတစီးနဲ့၊ တခြားဧည့်သည်တွေ နောက်တစီးနဲ့ စားသောက်ဆိုင်ကို သွားပါတယ်။ စားသောက်ဆိုင်မှာ သတို့သား၊ သတို့သမီးနဲ့ သူတို့သူငယ်ချင်းနှစ်ယောက်က အလှဆုံး စားပွဲ သီးသန့် ရှိပါတယ်။ အားလုံး ပျော်ပျော်ရွှင်ရွှင် စားကြရင်းနဲ့ သီချင်းတွေဆိုကြတယ်။ ကကြတယ်။ ဆုတောင်းပေးကြပါတယ်။ လက်ဆောင်တွေ ပေးကြပါတယ်။ သတို့သားနဲ့ သတို့သမီးကို горько လို့ အော်ပြီးတော့ နမ်းပြခိုင်းပါတယ်။ ဧည့်သည်တွေ မပျင်းအောင် သူတို့အတွက် ပြိုင်ပွဲ အမျိုးမျိုး ရှိပါတယ်။ နောက်ဆုံးမှာ သတို့သမီးက ပန်းစည်းကို ပစ်လိုက်ပြီး မိန်းကလေးတွေ ဝိုင်းဖမ်းကြပါတယ်။ ဖမ်းတဲ့လူကလည်း မကြာခင်မှာ လက်ထပ်မယ်ဆိုတဲ့ ယုံကြည်မှု တွေနဲ့ပေါ့။



(င) ဝသုန်မိုး https://www.facebook.com/wathonemoe.ru

суббота, 25 января 2014 г.

ကျွန်မဇာတိမြို့ (Saint-Petersburg) ကို တည်ဆောက်ခဲ့တဲ့ ရုရှားဧကရာဇ် Peter the Great (1672-1725) အကြောင်း နည်းနည်း ပြောပြချင်ပါတယ်...


Peter မတိုင်မှီခေတ်က ရုရှားနိုင်ငံဟာ မတိုးတက်တဲ့ ခေတ်မမှီတဲ့ နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ပင်လယ်နဲ့နီးတဲ့ ဒေသ မပိုင်ခဲ့လို့ သူများနိုင်ငံတွေနဲ့ ကုန်သွယ်ဖို့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ Peter ဘုရင် စဖြစ်တုန်းက ဥရောပကို ရောက်ဖူးခဲ့ပြီး ဥရောပနိုင်ငံတွေကို အရမ်းအားကျသွားပါတယ်။ ရုရှားနိုင်ငံကိုလည်း ဥရောပအတိုင်း ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားမှာ ပညာရေးအဆင့် တော်တော် နိမ့်နေခဲ့ပါတယ်။ ပညာတတ်တဲ့သူတွေ မရှိသလောက် နည်းပါးခဲ့ပါတယ်။ စာမဖတ်မရေးတတ်ကြဘူး။ အဲဒီတော့ သူက တက္ကသိုလ်နဲ့ ကျောင်းတွေ အမျိုးမျိုး စဖွင့်ပြီး ရုရှားတွေကို ပညာသင်ပေးဖို့ နိုင်ငံခြားက ဆရာတွေနဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ လူငယ်တွေကို နိုင်ငံခြားပညာတော်သင်လွတ်ခဲ့ပါတယ်။ စစ်ပညာနဲ့ စစ်တပ်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ပြီးတော့ ပင်လယ်နဲ့နီးတဲ့ဒေသကို ပိုင်ဆိုင်ဖို့အတွက် စစ်တိုက်ခဲ့ပါတယ်။ စစ်ပွဲအောင်တော့ ရလာတဲ့မြေပေါ်မှာ ဆိပ်ကမ်းမြို့ တည်ဆောက်ပါတယ်။ အဲဒီဆိပ်ကမ်းမြို့က ရုရှားနိုင်ငံရဲ့ မြို့တော်အသစ် စိန့်ပီတာစဘက် ဖြစ်ခဲ့ပါတယ်။ အရင်မြို့တော် ဖြစ်ခဲ့တဲ့မော်စကိုနဲ့ မတူအောင် စီစဉ်ထားပါတယ်။ အဆောက်အဦးတွေရဲ့ပုံစံ၊ လမ်းတွေ အကုန်လုံး လှပအောင် နာမည်ကြီးတဲ့ နိုင်ငံခြားပညာရှင်တွေကို လုပ်ခိုင်းပါတယ်။ ဘုရင်ကလည်း သာမန်လူတွေနဲ့ အတူ လက်သမားအဖြစ် အလုပ်လုပ်ပါတယ်။ အဲဒီတုန်းက ဘုရင် နေတဲ့အိမ်တောင် နန်းတော် မဟုတ်ခဲ့ပါဘူး။ သာမန်လူ နေတဲ့အိမ်တစ်အိမ်ပါပဲ။ ၁၇၀၃ ခုနှစ်မှာ Peter က ဝန်ကြီးတဦးအိမ်က မိန်းကလေးတယောက်နဲ့ တွေ့မိပါတယ်။ အဲဒီမိန်းကလေးက တောင်သူ သမီးဖြစ်ပြီး စစ်တိုက်တုန်းက အဖမ်းခံရလို့ ဝန်ကြီးအိမ်မှာ အစေခံ အဖြစ် ရောက်နေခဲ့တာပါ။ သူ့ကို စတွေ့တွေ့ချင်း သဘောကျသွားခဲ့ပါတယ်။ ဘုရင် နေမကောင်းတဲ့အခါ သက်သာအောင် သူတယောက်ပဲ ပြုစုတတ်ပါတယ်။ ၈နှစ်ကြာပြီးနောက် ဘုရင်နဲ့ တရားဝင် လက်ထပ်ပါတယ်။ Peter သေဆုံးတဲ့အခါကျတော့ ရုရှားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဧကရာဇ် ဖြစ်လာခဲ့ပါတယ်။


 ဒီသမိုင်းကို သဘောကျရင် share လုပ်ပြီး အားပေးကြပါအုံးရှင်
(င) ဝသုန်မိုး https://www.facebook.com/wathonemoe.ru

среда, 22 января 2014 г.

ရုရှားဆေးခန်းသွားပြရင် အသုံးဝင်မဲ့ စကားလုံးများ

Тошнит (меня тошнит) = အန်ချင်တယ်
Кружится голова (у меня кружится голова) = ခေါင်းမူးတယ်
Першит в горле = လည်ချောင်းယားတယ်
Заложен нос = နှာခေါင်းပိတ်တယ်
Терять сознание (я потерял сознание) = သတိလစ်တယ်
Кашель сухой = ချောင်းခြောက်
Кашель влажный = သလိပ်ပါတဲ့ချောင်း
Насморк = နှာစေးတယ်
Потеря аппетита (у меня нет аппетита) = စားချင်စိတ်မရှိတာ / ပါးစပ်ပျက်တယ်
Озноб = ချမ်းတုန်ဖျား
Общая слабость = အားနည်းတယ် / နုန်းတယ်
Учащенный пульс = သွေးခုန်နှုန်းမြန်တယ်
Горечь во рту = ပါးစပ်ထဲမှာ ခါးတယ်
Понос = ဝမ်းသွားတယ်
Запор = ဝမ်းချုပ်တယ်
Острая боль = စူးစူးရှရှနာခြင်း
Режущая боль = ဓါးပြတ်သလို နာခြင်း
Колющая боль = ဆူးစူးသလို နာခြင်း